ရွှေဘိုခရိုင်၊ ရေဦး မြို့နယ်နှင့် ခင်ဦး မြို့နယ်တို့ရှိ စပါးစိုက်ခင်း အများစုတွင် အနှံထွက်ချိန်၌ ဖြုတ်ညိုပိုးများ ကျရောက်မှုကြောင့် စပါးခင်းများ ပျက်စီးကာ အ၀ါရောင်သန်း လာကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
အဆိုပါ မြို့နယ် နှစ်မြို့နယ်ရှိ မိုးစပါး စိုက်ခင်း အများစုတွင် ဖြုတ်ညိုပိုးများ ကျရောက်နေ သဖြင့် စပါးများ အ၀ါရောင်သန်းကာ လောင်မီး ကျသည့် အတိုင်း ညှိုးခြောက် ပျက်စီးမှုများ ဖြစ်ပေါ် နေသည့် အတွက် စိုက်ပျိုးရေး ဆေးများ အသုံးပြုကာ ကာကွယ်နေ ရကြောင်း ဒေသခံ တောင်သူ များထံမှ သိရသည်။
ဖလံဖြူ ဆစ်ပိုးလောက်တော့ မဆိုးပေမယ့် ဖြုတ်ညို ကလည်း ကြောက်စရာ ကောင်းအောင် အရှုံးပေါ်နိုင် ပါတယ်။ တချို့ စပါးခင်းတွေ ကတော့ အ၀ါရောင် သန်းပြီး ပျက်စီးနေ ပါပြီ။ တတ်နိုင် သလောက်တော့ ဆေးဖျန်းပြီး ကာကွယ်နေ ပါတယ်။ စိုက်ပျိုး ရေးဆေးတွေ ကလည်း ဈေး တအား မြင့်တက် သွားတော့ တောင်သူတွေ အတွက် အခက်တွေ့နေရ ပါတယ်။ သက်ဆိုင်ရာရဲ့ အကြံတွေ အများကြီး လိုအပ်နေ ပါတယ် ဟု ခင်ဦး မြို့နယ် ပျဉ်ထောင်ကျေးရွာမှ တောင်သူတစ်ဦး ဖြစ်သူ ဦးဘစီက The Messenger Media သို့ ပြောသည်။
အဆိုပါ ပိုးမွား အန္တရာယ်မှ ကာကွယ်နိုင်ရန် အတွက် စိုက်ပျိုးရေး ပိုးသတ်ဆေးများ ဖြစ်သည့် အဆီဖိတ်၊ ဘိုက်တာကရိုနှင့် ဆိုင်ကလုန်း စသည့် ဆေးများကို အချိန်မီ ပက်ဖျန်းနေ ရကြောင်း သိရသည်။ ဖြုတ်ညိုပိုးများ ကျရောက် မှုကြောင့် ရွေဘို မြို့နယ်တွင် ပိုးတွေ့ ရှိသည့် စိုက်ခင်း (၂၅၃ ဒသမ ၇၆) ဧကနှင့် ထိခိုက်မှုရှိသည့် စိုက်ခင်း (၁၈၇ ဒသမ ၄၆) ဧက ရှိကြောင်း သိရသည်။
ယခုတစ်ပတ် အတွင်း ရေဦး မြို့နယ်နှင့် ခင်ဦး မြို့နယ်သို့ နေပြည်တော်မှ သီးနှံ ကာကွယ်ရေး အဖွဲ့များ သွားရောက် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်နေပြီး လိုအပ်သည့် ကာကွယ်မှု များကို ဆက်တိုက် ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာ စိုက်ပျိုးရေး ၀န်ကြီးဌာန က ဆိုသည်။
